လားရှိုး ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ New Palace Hotel ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ရေနှင့်လူနေမှုဆိုင်ရာ ဆန်းစစ်လေ့လာခြင်း သင်တန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ၏ ထောက်ပံ့ကူညီမှုဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)မှ Health Programme Manager - Brigitte Arlette Noel တို့က သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များနှင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုများကို မိတ်ဆက်ပြောကြားခဲ့သည်။ အဆိုပါဆန်းစစ်လေ့လာခြင်းသင်တန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC) ၏ ထောက်ပံ့ကူညီမှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်မှ ကြက်ခြေနီစေတနာ့ဝန်ထမ်း(၂၉)ဦးတို့အား လျှပ်စစ်ပိုင်း ဆိုင်ရာများ ဆန်းစစ်လေ့လာခြင်း၊ လူနေအိမ် ဆောက်လုပ်ခြင်းဆိုင်ရာ ဆန်းစစ် လေ့လာခြင်း၊ ရေရရှိမှု ဆန်းစစ်လေ့လာခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ ဆန်းစစ် လေ့လာခြင်းနှင့် လက်တွေ့ကွင်းဆင်းခြင်းများကို မြို့ပြအင်ဂျင်နီယာနည်းပြ ဦးစောနောင်လတ်နှင့် သင်တန်းဆရာ(၄)ဦးတို့မှ ဒီဇင်ဘာ(၆)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့ထိ ပို့ချဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)