ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ တွေ့ရှိမှု မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ဗဟန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ ပူပေါင်း၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးပရဟိတ အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ ဖြစ်သည့် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ စက်မှု(၁)လမ်းရှိ ဆရာစံပန်းခြံရှေ့နှင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှေ့တို့တွင် မြန်မာနိုင်ငံကူးလက်မှတ် ဆောင်ရွက်နေ သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး အတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး သုံးပေခန့် ခပ်ခွာခွာနေကြရန်၊ စျေးသည်များအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းအပြင်၊ လက်အိတ်၊ ခေါင်းစွပ်များ တပ်ဆင်အသုံးပြုကြရန်နှင့် မိမိတို့ဆိုင်တွင် လက်သန့်ဆေးရည်များ ထားရှိကြရန်၊ စျေးဝယ်သူများ ကိုလည်း လက်ဆေးစေရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်းများအား ခရီးသွား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းများကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)