ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးနေ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရွှေကြာဗျိုက်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝကမှူး ဒေါ်ဝင်းစန္ဒာနှင့် ဝန်ထမ်းများက ရွှေကြာဗျိုက်ကျေးရွာအုပ်စုအတွင်း အသက် (၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာနေပြည်သူ (၆၃)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသူ(၇၁၃)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၄၉၅၉)ဦး စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသူ(၅၆၇၂)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၆၅)ခုတို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပြီး ပြုလုပ် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ပေးအပ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။       

ဇင်မင်းထိုက်(ထန်းတပင်)