မော်လမြိုင် ဒီဇင်ဘာ ၇
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ပြည်ပဈေးကွက်ထိ MSMEs လုပ်ငန်းများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ အာဆီယံ- ဟောင်ကောင်၊ China Free Trade Agreement ECOTECH Work Programme ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် စားသောက်ကုန် ထုတ်လုပ်ငန်းများ ဆန်းသစ် တီထွင်သည့် အလေ့အကျင့်ကောင်းများ မျှဝေသည့် စီမံကိန်း MSMEs ထုတ်ကုန်ပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင် မြို့၊ ငွေမိုးဟိုတယ်တွင် ကျင်းပသည်။
ပြိုင်ပွဲကျင်းပပေးခြင်းသည် အာဆီယံ-ဟောင်ကောင်ဒေသတွင်းရှိ စားသောက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံပေါင်းခြောက်နိုင်ငံမှ လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်းသစ်တီထွင်သော အသိပညာ၊ အတတ်ပညာဖြင့် ကွန်ယက် တိုးချဲ့ရန်လိုကြောင်း၊ မြန်မာလုပ်ငန်းရှင်များသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများအပေါ် အခြေခံ၍ ပြောင်းလဲလုပ်ကိုင်မည့် နည်းဗျူဟာများ၊ ဗဟုသုတများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်မှု ကဏ္ဍအနေဖြင့် စီးပွားရေးအားလုံး၏ ၆၀ရာခိုင်နှုန်း အဓိကအရေးပါကြောင်း၊ ပြိုင်ပွဲတွင် အလားလာရှိသော စားသောက်ကုန်များကိုရွေးချယ်၍ Innovation Idea wards for Food Processing ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ MSMEs လုပ်ငန်းဝါသနာရှင်များကို ဖိတ်ခေါ်ပြီးပြိုင်ပွဲများမှတစ်ဆင့် အာဆီယံအဆင့်ထိ ထိုးဖောက်နိုင်အောင် ကူညီဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် စားသောက် ထုတ်ကုန်များအပြင် လူသုံးကုန်ပစ္စည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေထံမှ သိရသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် လုပ်ငန်းရှင် ရှစ်ဦးတို့က တစ်ဦးချင်းစီအလိုက် စားသောက်ကုန် ထုတ်လုပ်မှုများကို ရှင်းလင်းတင်ပြပြီးနောက် ဆုပေးပွဲကို ကျင်းပခဲ့ရာပထမဆုရရှိသည့် ရွှေဝါမြေဝဥ ခြောက်လုပ်ငန်း ဦးကျော်ခိုင်မြင့်အား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက လည်းကောင်း၊ ဒုတိယဆုရရှိသည့် JJY (မှိုစားသောက်ကုန်ထုတ်လုပ်ငန်း) ဒေါ်ခင်လေးဆန်း အား ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်မျိုးခိုင်က လည်းကောင်း၊ တတိယဆုရရှိသည့် ပြည်မြန်မာကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်း ဦးဇော်အေးအား ကရင်ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူ ငါးဦးတို့အား ဖိတ်ကြားထားသည့် ပညာရှင်များက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)