ထန်းတပင်မြို့နယ်၌ ဒေသခံတောင်သူများအား ဓာတ်မြေသြဇာအိတ်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စပါးစိုက်ပျိုးရာတွင် အဆင်ပြေစေရေး၊ စပါး အထွက်နှုန်းများ မကျဆင်းစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဓာတ်မြေသြဇာအိတ်များကို ဝယ်ယူသွားနိုင်ရေး တို့အတွက် ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒီဇင်ဘာလ(၇)ရက်နေ့မှ စတင်၍ ဒေသခံ တောင်သူများအား ဓာတ်မြေသြဇာအိတ်များကို တစ်အိတ်လျှင် ငွေကျပ်(၃၂ဝဝဝ)နှုန်းဖြင့် ပထမ အကြိမ် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်မှာ နွေစပါးစိုက်ဧက (၃၆၂၇၆)ဧကရှိတယ်၊ တောင်သူပေါင်းကတော့ (၄၃၇၃) ဦး ရှိတယ်ပေါ့၊ အခုဓာတ်မြေသြဇာက အပြင်မှာတစ်အိတ်ကို(၇)သောင်းကျော်ရှိတယ်၊ တောင်သူတွေ စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်ဖို့ဆိုပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ ဓာတ်မြေသြဇာတစ်အိတ်ကို ငွေကျပ် (၃၂ဝဝဝ)နှုန်းနဲ့ ရောင်းချ ပေးနေတာပါ၊ အခုရောင်းပေးတာဆိုရင်တော့ ပထမအကြိမ်မြောက်ရောင်းပေးနေတာပေါ့ ရောင်းပေး တဲ့ အခါမှာလည်း (၂)ဧကကို တစ်အိတ်နှုန်း ရောင်းချပေးနေတာပါဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ရှင်းပြသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအား ဓာတ်မြေသြဇာအိတ်များ ရောင်းချပေးရာတွင်လည်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာအိတ်များကို ရောင်းချပေးခြင်းဖြစ်ပြီး ထန်းတပင်မြို့နယ်အတွက် အိတ်ပေါင်း(၁၈၁၃၈)အိတ် ရရှိကာ ပထမ အကြိမ်အဖြစ် အိတ်(၄)ထောင်ကို စတင်၍ ရောင်းချပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။      

ဇင်မင်းထိုက်(ထန်းတပင်)