ဗန်းမော်မြို့၌ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဗန်းမော်       ဒီဇင်ဘာ     ၇

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍  မြို့နယ်ပြည်သူ့စာကြည်တိုက် ကြီးကြပ်မှုကော်မတီက ပြည်သူ့စာကြည့် တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်နိုင်ရေးအတွက် ယခုလို စာကြည့်တိုက်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင် ဦးအောင်ကိုကိုလင်း (ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး)က ပြည်သူ့စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး အကြံပြု ဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်ဖြစ်သည့် စာရေးဆရာ မောင်စံဝင်း(ဗန်းမော်)က ယခုအခါ စာဖတ်သူများအား စာအုပ်စာပေကိုဖတ်ရှုသူ နည်းပါး၍ မိုဘိုင်းဖုန်းဖြင့် အချိန်ကုန်နေကြပြီး မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အတွက် စာဖတ်သူတိုးပွားလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်မြသက်ဦးက ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များလည်း  ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေးအတွက် အသီးသီး ဆွေးနွေးခဲ့ကာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက စာကြည့်တိုက်ငွေပဒေသာပင်ရရှိရေး၊ စာအုပ်စာပေများ တိုးပွားရေးနှင့် စာကြည့်တိုက်အသင်သူအသင်းသားများ တိုးပွားလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ကိန်းဖြူ(ပြန်/ဆက်)