ကျောက်ဖြူ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်အတွင်းရှိ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ၏ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင် မှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ဝန်ထမ်းသစ် ခန့်ထားခဲ့သည့် အကြိမ်အရေအတွက်မှာ အခုဆိုရင် (၅)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ယူနီဖောင်းဝတ် ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် အမိန့်နာခံတတ်မှု တပြေးညီ သွက်လက်လှုပ်ရှားမှု မြန်ဆန်မှုရှိစေရေးအတွက် အခြေခံလက်နက်မဲ့ စစ်ရေးပြမှုကို ပို့ချမှု အနေနဲ့ ထည့်သွင်းထားပါကြောင်း၊၊ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သိသင့်သိထိုက်သည့် ဘာသာရပ်ဆိုင်ရာ အားလုံးကို နားလည်အောင် မြင်သာအောင် ခံယူတတ်ရန် လိုအပ်ကြောင်းနှင့် ဝန်ကြီးဌာနရဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်မှန်တဲ့ပြည်သူ့အကျိုးပြု ဝန်ထမ်းကောင်းများဖြစ်ရန် သင်ယူရင်း လေ့ကျင့်၊ လေ့ကျင့်ရင်း သင်ယူခြင်းဖြင့် အောင်မြင်တဲ့ ပန်းတိုင်ဆီ အရောက် ချီတက်နိုင်ပါစေဟု နှုတ်ခွန်းဆက်စကားပြောကြားသည်။
သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကျောက်ဖြူခရိုင် အတွင်းရှိ မြို့နယ်ရုံးများဖြစ်သည့် ကျောက်ဖြူမြို့နယ်ရုံး၊ မာန်အောင်မြို့နယ်ရုံး၊ ရမ်းဗြဲ မြို့နယ်ရုံးနှင့် အမ်းမြို့နယ်ရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ ၃၉ ဦးတို့မှ တက်ရောက် ကြမည်ဖြစ်ပြီး သင်တန်း ကာလမှာ ၆-၁၂-၂၀၂၁ ရက်နေ့မှ ၁၀-၁၂-၂၀၂၁ ရက်နေ့ထိ သင်တန်းနည်းပြ ဆရာများမှ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ပို့ချ ပြသပေးသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း