ဒလ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော ယာဉ်လိုင်းများ အနေဖြင့် တွံတေး မြို့နယ် ကံဘဲ့လမ်းနှင့် ကော့မှူးလမ်းပိုင်းအား နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ခေတ္တပိတ်ထား ခဲ့ရာမှ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်မှုကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ပုံမှန်ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများ ပုံမှန်သွားလာလျက်ရှိ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရ သည်။
မအူပင်-ဒလ ပြေးဆွဲနေသော ယာဉ်လိုင်း
“အခု ကျွန်တော်တို့ မအူပင်-ဒလ ယာဉ်လိုင်းတွေ ဒီနေ့ ပုံမှန်ပြန်လည်ပြီး ယခင်ပြေးဆွဲနေကြ လမ်းကြောင်းအတိုင်း ပြေးဆွဲပေးတာပါ၊ ပထမက လုံခြုံရေးအခြေအနေအရ တွံတေးမြို့နယ် ကံဘဲ့လမ်းပိုင်းနဲ့ ကော့မှူးလမ်းပိုင်းမှာ ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားလို့ ယာဉ်လိုင်းတွေ ပြေးဆွဲမှုမရှိခဲ့ဘူး၊ ခုအားလုံးပုံမှန် သွားလာလို့ရတဲ့ အခြေအနေ ဖြစ်သွားလို့ ဝမ်းသာပါတယ်၊ ခရီးသည်တွေလည်း အလုပ်သွားအလုပ်ပြန် ပိုပြီးအဆင်ပြေသွားတယ်၊ လက်ရှိမှာ ခရီးသည်တွေကို သတ်မှတ်ထားတဲ့ လူဦးရေအတိုင်းပဲ ပို့ဆောင်ပြေးဆွဲပေးတာဖြစ်ပါတယ်” ဟု မအူပင်-ဒလ ပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
ရန်ကုန်တိုင်း အခြေပြုပြေးဆွဲပေးနေသော ယာဉ်လိုင်းများအနေဖြင့် ထက်အောင်ကျော် (ဒလ-ဒေးဒရဲ-ဖျာပုံ-မော်လမြိုင်ကျွန်း)၊ နိုင်အောင်ကျော်(ဒလ-ဘိုကလေး)၊ မင်းဖြိုးမောက်(ဒလ-ဘိုကလေး)၊ ပိုင်ဧရာ(ဒလ-ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်)၊ ရတနာမိုး(ဒလ-ဒေးဒရဲ-ဖျာပုံ)၊ ရွှေသူဌေး(ဒလ-ဒေးဒရဲ-ဖျာပုံ)၊ ထာဝရ(ဒလ-ဒေးဒရဲ-ဖျာပုံ)၊ ရွှေခြံသား (ဒလ-ဒေးဒရဲ-ဖျာပုံ) စသည့် ယာဉ်လိုင်း(၈)လိုင်း၊ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ပါရမီ(ဘိုကလေး-ဒလ)၊ ရွှေဧရာ (ဘိုကလေး-ကျိုက်လတ်-ဖျာပုံ-ဒေးဒရဲ-ဒလ)၊ ပင်မ(BM)(ဘိုကလေး-ဒလ)၊ ရွှေမြန်မာ(ဒေးဒရဲ-ဒလ)၊ ထိပ်တန်း (ဒေးဒရဲ-ဒလ)၊ ရွှေသစ္စာ(ဒေးဒရဲ-ဒလ)၊ သံမဏိနဂါး(ဖျာပုံ-ဒေးဒရဲ-ဒလ)၊ ဂုဏ်ဆင့်သူ(ကျိုက်လတ်-မအူပင်-ဒလ)၊ ပန်းရိုးမ(မအူပင်-ဒလ)၊ ကောင်းထက်သူ/ရွှေလမင်း(မအူပင်-ဒလ)၊ တိုးဧရာ(မအူပင်-ဒလ)၊ အောင်တံခွန် (မအူပင်-ဒလ)၊ မြစ်ဧရာကျော်(မအူပင်-ဒလ)၊ ရာသက်ပန်(ဖျာပုံ-ဒေးဒရဲ-ဒလ)၊ အောင်စစ်သည် (ဖျာပုံ-ဒေးဒရဲ-ဒလ) စသည့် ယာဉ်လိုင်းပေါင်း ၂၄ လိုင်း ရှိသည့်အနက် နေ့စဉ် ၁၃ လိုင်း မှ ၁၄ လိုင်းအထိ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကကယာဉ်ငယ် တစ်စီးတွင် ခရီးသည် ၅ ဦး၊ မိုက်ခရိုဘတ်စ် တစ်စီးတွင် ခရီးသည် ၉ ဦး၊ မီနီဘတ်စ်တစ်စီးတွင် ခရီးသည် ၁၅ ဦးအထိ သတ်မှတ်လူဦးရေအတိုင်း အနယ်နယ်အရပ်ရပ်က ခရီးသည်များအား သယ်ယူပို့ဆောင် ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
ဒလ-တွံတေးပြေးဆွဲနေသော ယာဉ်လိုင်း
“ကျွန်တော်တို့ တွံတေးကားလေးဂိတ်အနေနဲ့ ဒလကနေ ခရီးသည်တွေကို ပုံမှန်ပြေးဆွဲပေးနေတယ်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နဲ့အညီ ရှေ့ခန်းမှာ ခရီးသည်တစ်ဦး၊ အလယ်ခန်းမှာ ၂ ဦးထိုင်၊ နောက်ခန်းမှာ ၂ ဦး ထိုင်၊ စုစုပေါင်း ခရီးသည် ၅ ဦးထိပဲ သတ်မှတ်စည်းကမ်းနဲ့အညီ သယ်ယူပို့ဆောင်ပေးတာဖြစ်ပါတယ်၊ အရင်က ၇ ဦးအထိ တင်ဆောင် ပြေးဆွဲတာဖြစ်ပါတယ်၊ လုံခြုံရေးအခြေအနေရ ခရီးသည်လျော့ပြီး ပို့ဆောင်ရတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းအခြေပြု ပြေးဆွဲနေသော ဒလ-တွံတေး ကားလေးဂိတ်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်းမြို့နယ်များနှင့် လှိုင်သာယာမြို့နယ်တို့သို့ ပြေးဆွဲပေးနေသော YBS 47 (တွံတေး-လှိုင်သာယာ)၊ YBS 48 (တွံတေး-ဒလ)၊ YBS 49 (ကွမ်းခြံကုန်း-လှိုင်သာယာ)၊ YBS 50 (ကွမ်းခြံကုန်း-ဒလ) ယာဉ်များ အနေဖြင့် နေ့စဉ် ကားလေးအစီးရေ ၁၂၀ ကျော်၊ မိုက်ခရိုဘတ်(စ်)ကားအစီးရေ ၁၂ စီး ခန့် နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိပြီး၊ ကိုဗစ်-၁၉ ဖြစ်ပွားနေသာ ကာလမှ စတင်၍ ကားတစ်စီးလျှင် ခရီးသည် ၅ ဦးနှုန်းဖြင့် နေ့စဉ် ခရီးသည် ၆၀၀ ကျော်ခန့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း(YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် တစ်ရက်ပျှမ်းမျှ ခရီးသည် ၂၀၀ ဝန်းကျင်ခန့်နှင့် ရန်ကုန်တိုင်းအခြေပြု၍ ပြေးဆွဲပေးသော ယာဉ်လိုင်းများအနေဖြင့် ခရီးသည် ၆၀၀ ကျော် ပို့ဆောင်ပေးလျက်ရှိပြီး၊ ခရီးသည်များ အဆင်ပြေစေရေးအတွက် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိ ကြောင်း၊ ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေ သော ယာဉ်လိုင်းပေါင်း ၂၄ လိုင်းရှိပြီး၊ ယာဉ်အစီးရေပေါင်း ၂၅၉ စီးရှိကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)