မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ပရဟိတအသင်းများဖြင့် တွေ့ဆုံ၍ ညှိုနှိုင်းဆွေးနွေး

ရန်ကုန်  ဒီဇင်ဘာ  ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ပရဟိတအဖွဲ့များနှင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံကာ ရှေ့ဆက်၍ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဥ်များပိုမို ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က ပရဟိတအဖွဲ့များ အနေဖြင့် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားစဉ် ကာလတစ်လျှောက်တွင်လည်း မိမိတို့၏ အသက်ကိုပင်မငဲ့ပဲ အများအကျိုးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးသာမက အခြားလိုအပ်သော ကိစ္စရပ်များတွင်လည်း လူမှုရေးစိတ်ဓာတ်အပြည့်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လူမှုကူညီရေး လုပ်ငန်းများတွင်လည်း လိုအပ်သည့် အကူအညီအများကို မိမိတို့ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက မြေပြင်တွင် ဆောင်ရွက်လျက်ရှိသည့် ပရဟိတလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ဌာနဆိုင်ရာ များနှင့် ပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်လျှောက်ထားလာသည့် သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် လူငယ်လူမှုကူညီရေး အသင်းတို့အား ယာယီအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ထုတ်ပေးခဲ့ရာ သက်ဆိုင်ရာ အဖွဲ့အသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)