ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသာ မြို့ပေါ်ရှိ ရပ်ကွက် ၉ ခု နှင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှသိရသည်။ ပုံ-ယနေ့နံနက် ၉ နာရီက ကျန်စစ်သားရပ်ကွက်ရှိ အောင်တော်မူ ကျောင်းတိုက်အတွင်း၌ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေစဉ်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ်များ အဖြစ် သတ်မှတ်ထားသည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိ စာသင်တိုက်၊ နန်းဦးကျောင်းတိုက်၊ ပျော်ဘွယ်ကြီး စံပြကျေးရွာရှိ ဘုရားကြီးတန်ဆောင်း တို့တွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသလို၊ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ပြီး ၁၆ ရက်နေ့ အထိ မြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခု နှင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နယ်လှည့် ကွင်းဆင်း၍ ထိုးနှံပေးသွားမည်ဖြစ်သည်။
ဒလမြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခု တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ လူဦးရေ ၃၀၃၈၃ ဦး၊ ဆေးထိုးရန် ကျန်ရှိသော လူဦးရေ ၃၅၈၂၂ ဦးနှင့် ကျေးရွာအုပ်စု ၉ အုပ်စုတွင် ဆေးထိုးနှံပြီးသူ လူဦးရေ ၇၄၈၆ ဦး၊ ဆေးထိုးရန် ကျန်ရှိသော လူဦးရေ ၁၀၀၃၂ ဦး ရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ သိရသည်။
နိုင်လင်းကျော်(IPRD)