ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှုမရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့်လူမှုရေး ပရဟိတအဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် စက်တပ်ရေယာဉ် (သမ္ဗန်ဆိပ်)၊ ဆိုက္ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အား ခရီးသွား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးနည်းလမ်းများကိုလည်း အသိပညာပေး ပြောကြားပေး ခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)