ကျောက်တန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်

ကျောက်တန်း ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။               

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်တန်းမြို့နယ်အတွင်းရှိ စေတနာဝန်ထမ်း လုပ်သက်(၂၅)နှစ်ပြည့် အရန်မီးသတ်တပ်ဖွဲ့ဝင် အမျိုးသား(၇)ဦးတို့အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်   ညွှန်ကြားရေးမှူးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများမှ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မီးဘေးအန္တရာယ်လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးသက်နောင်၊ သန်လျင်တပ်နယ် တပ်မတော်ရေမှ ဗိုလ်မှူနန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောနိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေဝင်း