မင်္ဂလာဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မင်္ဂလာဒုံ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်း၊ ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုးသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ သင်တန်းတွင် သင်ကြားပို့ချမည့် အကြောင်းအရာများမှာ မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေး ပညာရပ်များနှင့် စာတွေ့လက်တွေ့များ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၆.၁၂.၂၀၂၁) ရက်နေ့မှ (၃၀.၁၂.၂၀၂၁) ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုးသန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီဥက္ကဋ္ဌ ဦးနေဆန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးမြင့်ဆွေနှင့် သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)