မိုးညှင်း ဒီဇင်ဘာ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ် တစ်ခါမှ မထိုးနှံ ရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား Phase-4 ပထမအကြိမ် အဖြစ် ဒီဇင်ဘာ (၃) ရက်နေ့မှ (၅)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးညှင်းမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များဖြစ်ကြသည့် မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီးဒေသနှင့် မော်ဟန်ဒေသစသည်တို့၌ ဘုန်းကြီး/သီလရှင်(၁၅)ပါး၊ ဌာနဆိုင်ရာ ဝန်ထမ်း (၁၇၂)ဦး၊ အစိုးရကျန်းမာရေးဝန်ထမ်း(၉)ဦးနှင့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူ(၁၈၄၉)ဦး စုစုပေါင်း (၂၀၄၅)ဦးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံမှုများကို ပံ့ပိုး ကူညီဆောင်ရွက်ပေးပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဇန်နဝါရီလ ပထမအပတ်တွင် ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်