ခရမ်း ဒီဇင်ဘာ ၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆို သည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မီတင်းနေထိုင်ကြသော နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်၍ ခရမ်းမြို့ အမှတ်(၁၂)ရပ်ကွက် ရေကျော်ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့ အမှတ်(၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူ(၁၇၇)ဦးတို့ကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို နေ့ခြင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ အဖွဲ့ဝင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်ထွန်းနှင့် အဖွဲ့ဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ နိုင်ငံသားကတ်ပြားများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)