ကျိန္တလီ ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျိန္တလီမြို့၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်း၍ သယံဇာတ ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးခိုင်မိုးမင်း (ရုပ်သံကျွမ်းကျင်-၃)က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ဦးစွာရှင်းလင်း ပြောကြားခဲ့ပြီး ကျိန္တလီမြို့၊ ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့ဦးစီးဌာနမှူး ဦးကိုကိုနိုင်က ပြောကြားရာတွင် ငါးသယံဇာတတိုးပွားရေး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ “ယခုမျက်မှောက်ကာလတွင် ရေထွက် သယံဇာတများ ရှားပါးလာခြင်းနှင့် ရင်ဆိုင်တွေ့ကြုံနေရပြီး ရေနေသတ္တဝါများ ရှားပါးရခြင်း အကြောင်းအရင်းများမှာ ကမ္ဘာ့စားသုံးသူ လူဦးရေတိုးပွားလာသဖြင့် စားနပ်ရိက္ခာအတွက် ရေလုပ်သားများက ရေနေသတ္တဝါများကို နည်းလမ်းမျိုးစုံဖြင့် ပိုမိုဖမ်းဆီးလာရခြင်း၊ ဖမ်းဆီးရေး နည်းစနစ်များ မြင့်မားလာမှုနှင့်အတူ ငါးအရွယ်အစားမရွေးအားလုံး ဖမ်းဆီးခံရခြင်း၊ ပေါက်ကွဲ စေတတ်သော ပစ္စည်း၊ အဆိပ်၊ လျှပ်စစ်၊ ကျင်စက်စသည့် တားမြစ် ငါးဖမ်းပစ္စည်း၊ နည်းစနစ်များဖြင့် တရားမဝင်ငါးဖမ်းခြင်း၊ လူ၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေးစသည့် နယ်ပယ်များမှ စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်း အဆိပ်သင့်ကာ၊ ရေသယံဇာတများ ပျက်စီးခြင်း၊ ကမ်းလွန်သတ္တု ရှာဖွေခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး သဘာဝဂေဟစနစ် ထိခိုက်ပျက်စီးလာခြင်း၊ ငါးသယံဇာတများနေထိုင် ကျက်စားရာ နေရာများ ပျက်စီးပျောက်ကွယ်လာခြင်း” တို့ကြောင့် ရေထွက် သယံဇာတများ ရှားပါး လာရခြင်းဖြစ်သည်။
ဆက်လက်၍ ကျိန္တလီမြို့ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် မိမိ၏ဌာန ရည်မှန်းချက် ဖြစ်သော ရေသယံဇာတများ ရေရှည်တည်တံ့ပွားများလာစေဖို့၊ စဉ်ဆက်မပြတ် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ပြီး ကျေးလက်ဒေသ နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ သယံဇာတထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)