နမ့်ခမ်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မြို့မဈေးကြီးအတွင်း ဈေးရောင်း ချသည့် ဈေးသူဈေးသားများအနေဖြင့် ရုတ်တရက် မီးလောင်မှုဖြစ်ပွားလာပါက တုန်လှုပ်မှု ကင်းစွာဖြင့် မီးငြိမ်းသတ်နိုင်စေရန် ရည်ရွယ်ပြီး လက်တွေ့မီးငြိမ်းသတ်မှုများကို သင်ကြားပြသ ဆောင်ရွက်ပေးခြင်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
နမ့်ခမ်းမြို့မဈေးကြီးအတွင်း ဈေးရောင်းချနေသည့် ဈေးသူဈေးသားများကို မီးဘေး အန္တရာယ်မှ ကာကွယ်နိုင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး ရုတ်တရက်ဖြစ်ပေါ်လာသည့် အခြေအနေကို တုန်လှုပ်မှုကင်းစွာဖြင့် ရင်ဆိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်က ခြောက်သွေ့ရာသီ ရောက်ရှိ လာပြီဖြစ်၍ မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက ကိုယ်တိုင်ကိုယ်ကျ မီးငြိမ်းသတ်နိုင်ရေး၊ မီးသတ်ဆေးဗူးများ အလွယ်တကူ ရရှိရေးတို့ကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတဝှမ်းတွင် မီးလောင်မှုများကြောင့် လူနေအိမ်၊ ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေရာ မိမိတို့ မီးသတ်တပ်ဖွဲ့ဝင်များမှလည်း မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ယခုကဲ့သို့ သင်ကြားပြသရင်း ဇာတ်တိုက်လေ့ကျင့်ကြောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးက ရှင်းလင်းပြောကြား ခဲ့ပါသည်။
ယင်းနောက် မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးဆိုင်ခန်းများတွင် မီးသတ် ဆေးဗူးများ ထားရှိမှု၊ မီးသတ်ဆေးဗူးများ ကောင်း မကောင်းနှင့် မီးလောင်ရာတွင် အဆိုပါ မီးသတ်ဆေးဗူးများကို လွယ်ကူစွာ အသုံးပြုနိုင်ရေးတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနနှင့် ဈေးကော်မတီဝင်များက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)