မြောက်ဦး ဒီဇင်ဘာဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ရုံးများ ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့နယ်ရုံးများတွင် အသစ်တာဝန်ပေး ခန့်အပ်တာဝန်ပေးခံရသော ဝန်ထမ်းများအား အခြေခံစစ်ရေးပြနှင့် ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမအတွင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစစ်ရေးပြသင်တန်းနှင့် ဌာနတွင်းဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများပါမကျန် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့အထိ ၁၈ လကြာဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူများအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ နည်းဥပဒေအတိုင်း စီစဉ်ဆောင်ရွက်သွာကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီးနောက် အဆိုပါ အခြေခံစစ်ရေးပြနှင့် ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းအား (၅)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)