စားသောက် ကုန်ထုတ်လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်သည့် အလေ့အကျင့်ကောင်းများ မျှဝေသည့် စီမံကိန်း MSME ထုတ်ကုန်ပြိုင်ပွဲကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၆

အာဆီယံ-ဟောင်ကောင်၊ China Free Trade Agreement ECOTECH  Work Programme ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့်  စားသောက်ကုန်ထုတ် လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်သည့်  အလေ့အကျင့် ကောင်းများ  မျှဝေသည့်  စီမံကိန်း MSMEs ထုတ်ကုန် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်မှ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်သည့် လုပ်ငန်းရှင်များ  တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းရည်ရွယ်ချက်နှင့် ပတ်သက်၍ အာဆီယံ-ဟောင်ကောင်ဒေသတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံပေါင်း(၆)  နိုင်ငံမှ လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်းသစ် တီထွင်သော အသိပညာ၊ အတတ်ပညာဖြင့် ကွန်ယက်တိုးချဲ့ရန်လိုကြောင်း၊ မြန်မာ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများနှင့် သွင်းကုန် လုပ်ငန်းများအပေါ် အခြေခံ၍  ပြောင်းလဲ လုပ်ကိုင်မည့် နည်းဗျူဟာများ ပိုမိုရရှိလာ မည်ဖြစ်ကြောင်း၊  ပြည်တွင်း၊ ပြည်ပစျေးကွက်ဝင်   ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်အသစ်များ  လက်တွေ့နှင် သီအိုရီ ပေါင်းစပ်မှသာ တီထွင်ဆန်းသစ် တွေးခေါ်ရရှိမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း MSMEs လုပ်ငန်းများ အခက်ခဲရင်ဆိုင်ကြုံတွေ့မှု  တွေ့ကြုံသစ်များဖြင့် ပြည်တွင်း စားသုံးမှု ဖူလုံရေးထုတ်လုပ်မည့် ပြည်ပပို့ကုန်တွေကို အစားထိုးနိုင်မည် ဖြစ်ကြောင်းနှင့်  လုပ်ငန်းအားသာချက်   နည်းဗျူဟာ အသုံးပြုပြီး စားသုံးသူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှု MSMEs လုပ်ငန်းများဖြင့်    အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာ အခြေခံ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ   အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ စားသောက် ကုန်ထုတ်လုပ်မှု ကဏ္ဍအနေဖြင့် စီးပွားရေးအားလုံး၏ ၆၀ ရာခိုင်နှုန်း အဓိက အရေးပါကြောင်း၊  နိုင်ငံတော်မူဝါဒ အကောင်အထည်ဖော်ရာမှာ MSMEs လုပ်ငန်းများ ရင်ဆိုင် ကြုံတွေ့ရသည့် အခက်ခဲများ သိရှိရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ထုတ်ကုန်များအား  မြှင့်တင်ပေးနိုင်ရေး ဆွေးနွေးပွဲများ မေလစတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင်အလားလာရှိသော စားသောက်ကုန်များကို ရွေးချယ်၍ အကောင်းဆုံးI Innovation Idea Awards for Food Processing ဆု ချီးမြှင့်ပေးမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲများကျင်းပခြင်းသည် စားသောက်ကုန် ထုတ်လုပ်တီထွင်မှု အလေ့အကျင့်ကောင်းများ တိုးပွားစေသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးချယ် ခံရသည့် လုပ်ငန်းရှင်များ အနေဖြင့်   ပြည်တွင်း/ပြည်ပစျေးကွက် ထိုးဖောက် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြိုင်ပွဲဝင်များ ပြသထားသည့်  စားသောက် ကုန်ထုတ် လုပ်ငန်းများ၏  အစားစာများကို ကြည့်ရှုအားပေးပြီးနောက်   အထိမ်းအမှတ် အခမ်းအနား မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)