မောင်တော ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင် တန်း(၁/၂၀၂၁)သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်က တက်ရောက် အမှာစကားပြောကြားရာတွင် သင်တန်း သားများ အနေဖြင့် သင်တန်းမှပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန် ၊ မိမိရပ်ရွာ အတွင်း မီးဘေး အန္တရာယ်ကြုံတွေလာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်အောင် စနစ်တကျ သင်ယူကြ ရန် စသည် တို့ကို မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်မှအရန် မီးသတ် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် အဖွဲ့ဝင် ဦးဦးခင်မောင်၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော မီးသတ်တပ်ဖွဲ့ဝင်များ၏ မြို့နယ် အတွင်း လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း အမျိုးအစား ၁၁ မျိုး ၊ သဘာဝ ဘေး အန္တရာယ် ကူညီ ကယ်ဆယ်ရာတွင် အသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါ အရန် မီးသတ် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ကို မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင် တန်းသား ၅၀ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)