ပုံပါကျင်မြို့၊ ဟွေအောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

ပုံပါကျင်     ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊‌ ဟွေအောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကုန်းဆာကျေးရွာ၊ မဟိန်ကောင် မူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ၏ ရေရှည်အကျိုးအတွက် မြေငှားဂရန်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြေငှားဂရန်များ လက်ဝယ်ရောက်ရှိပါက စနစ်တကျ သိမ်းဆည်းထားရန်နှင့် မြေငှားဂရန်အား ပလပ်စတစ်လောင်းခြင်း မပြုလုပ်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးထက်ဇော်၊ မိုင်းတုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်ပိုင်မှူး၊ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် ပုံပါကျင်မြို့ လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးကျော်မင်းသန့်တို့က ကျေးရွာမြေငှားဂရန်များကို ဒေသခံပြည်သူ(၈၂)ဦး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ကုန်းဆာကျေးရွာနေ ပြည်သူများကိုယ်စား  ဦးစောစံထူးက  ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)