မြစ်သား ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လမ်းခွကျေးရွာ အုပ်စု၊ ကံသာကျေးရွာမှ တောင်သူ ဦးကျော်ဝင်း၏ ကွင်းအမှတ်(၄၆၆)၊ ဦးပိုင် ၆၅/၂ဧရိယာတွင် စိုက်ပျိုးထားသော၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး (ဧရာမင်း) RS to CS မျိုးသန့်မျိုးစေ့ထုတ်စံပြ ကွက်(၇.၀၀) ဧကအား ယနေ့နံနက် (၁၀) နာရီက စံကွက်ရိတ်သိမ်းပွဲကို ကျင်းပသည်။
စံကွက်ရိတ်သိမ်းရာသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းစိုးနှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင် တင်ထွန်းနှင့်ဝန်ထမ်းများ၊ မျိုးသန့်မျိုးစေ့ထုတ် စံပြကွက်တောင်သူများနှင့် ဒေသခံ တောင်သူများ တက်ရောက်လေ့လာခဲ့ကြရာ အဆိုပါ ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းရာတွင် တစ် ဧကစပါးအစို တင်း ၉၅ နှင့် ၁၀၀ကြားထွက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၌၂၀၂၀-၂၀၂၁ခုနှစ်၊ မိုးစပါးရာသီတွင် စပါးစိုက်တောင်သူများအတွက် စပါးမျိုးကောင်း၊ မျိုးသန့်မျိုးစေ့ များ ဖြန့်ဖြူးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက စိုက်ပျိုးရေး ကုမ္ပဏီများမှဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းဘေးကျားစသည့် စပါးမျိုးများကို မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း အဖြစ် ဧကပေါင်း(၈၈၇.၅)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြမြမွန်(မြစ်သား)