စစ်တွေ ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်လူရွယ်များ စာပေတန်ဖိုးသိရှိစေရန်၊ စာဖတ်သည့် အလေ့အထရှိလာစေရန်၊ ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းများနှင့် လူငယ်လူရွယ်များ စိတ်ခွန်အားပြည့်ပြီး ကျန်းမာပျော်ရွှင်ကြစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့် အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမပိုင်းအနေဖြင့် စာဖတ်ဝိုင်းကျင်းပရာ စစ်တွေခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်လူရွယ်များ စာပေများများဖတ်ရှုပြီး အနာဂတ်ခေါင်းဆောင်များ ဖြစ်အောင် ကြိုးစားကြရန်၊ မိမိတို့ရခိုင်လူမျိုးများ၏ နေ့ထူးနေ့မြတ်နေ့ကို မှတ်သားပြီး ရခိုင်လူမျိုးတို့၏ဂုဏ်ကို ဖော်ဆောင်ကြစေရန်နှင့် ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် လူငယ်လူရွယ်များက အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး မုန့်ကိုက်ပြိုင်ပွဲ ကျင်းပရာ လူငယ်လူရွယ်များက ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြပြီး ဆုရရှိသူများအား ခရိုင်ဦးစီးမှူးက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင်ကြယ်