ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

ကွမ်းခြံကုန်း ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်(၈)နာရီက ဗိုလ်ချုပ်လမ်း တစ်လျှောက် အများပြည်သူ  သွားလာသည့် နေရာများ၌ ပြုလုပ်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ   မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ   ဝန်ထမ်းများ၊    မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ် ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေစနစ်တကျတပ်ဆင်ရန် လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးကိုတစ်ဦးခပ်ခွာခွာ နေထိုင်ရန်နှင့် Mask တပ်ဆင်ခြင်းမရှိသူများအား Mask အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေ နွယ်(IPRD)