ကျောက်ဆည် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် တတိယအသုတ်(ဒုတိယ)အကြိမ်နှင့် စတုတ္ထအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကာကွယ်ဆေးထိုးပေးမည့် စုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက နေရာ(၂)နေရာခွဲပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို တတိယအသုတ်(ပထမ)အကြိမ်အဖြစ် အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့နေ့လယ် (၁၂)နာရီ အချိန်အထိ ပြည်သူ(၁၂၁၈၅)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု ကော်မတီထံမှ သိရှိရသည်။
ထို့အတူ စတုတ္ထအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို တစ်ပြိုင်နက် ထိုးနှံ ပေးလျက်ရှိရာ သံဃာတော်နှင့်သီလရှင်(၆၇)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း(၅)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၁)ဦး၊ နိုင်ငံဝန်ထမ်း (၁၄၀)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၂၇၆)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၁၂၂)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၃)ဦး၊ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ပညာရေး ဝန်ထမ်းဝန်ထမ်း (၃)ဦး၊ အခြား ဝင်ငွေရပြည်သူ(၁၁၆၅၈)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ(၉)ဦး၊ မှီခိုပြည်သူ (၃၃၃၃) ဦး၊ မသန်စွမ်းသူ(၇)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၀၆)ဦး စုစုပေါင်း (၁၉၆၃၄) ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးပေးပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)