တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ စျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမရှိစေရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက်ဝယ်ယူကြသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင်  နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းလည်း သိရသည်။

တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်နေမှုအပေါ် စျေးလာရောက် ဝယ်ယူသူ ဦးကျော်စွာကလည်း " ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နှာခေါင်းစည်း ( Mask )များ အခမဲ့ ဖြန့်ဝေပေးတဲ့အတွက်ရော၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေကို အသိပညာပေး တဲ့အတွက်ရော ကျေးဇူးအများကြီးတင်ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း မဖြစ်ပွားစေရေးအတွက် အပြင်သွားတဲ့ အခါတိုင်း နှာခေါင်းစည်း ( Mask )ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြဖို့နဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း အပါအဝင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာသည့်အခါ ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်မှုများ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)