ကျိုက်ထို ဒီဇင်ဘာ ၆
ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရှိ ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးလောင်မှုကြီးအဆင့်သို့ မရောက်ရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီက မွန်ပြည်နယ် သထုံခရိုင်၊ ကျိုက်ထို မြို့နယ်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဈေးဆိုင် ခန်းများရှေ့တွင် မီးငြိမ်းသတ်နည်းသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ရှေးဦးစွာ ဈေးဆိုင်များတွင် မီးသတ်ဆေးဗူးများ ထားရှိရေး၊ ဆေးဗူးများကို စနစ်တကျ အသုံးပြု တတ်စေရေး၊ ပေါက်ပြဲနေသောဝါယာကြိုးများ အသုံးမပြုကြရန် စသည်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန်တို့ကို ပညာပေးဟောပြာပြီး မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားပါက အသင့်တပ်ဆင် ထားသော မီးသတ် အင်ဂျင်/ပန့်များဖြင့် မီးငြိမ်းသတ်ပုံတို့ကို ကျိုက်ထီးရိုးရင်ပြင် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ က သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်စခန်း တာဝန်ခံ ဦးအောင်ငြိမ်းနဲ့ တပ်ဖွဲ့ဝင်များ၊ ရင်ပြင်တော်နယ်မြေစခန်း တာဝန်ခံ ရဲအုပ်ထွန်းအေးနှင့် တပ်ဖွဲ့ဝင်များ၊ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးဝင်းတင်နှင့် ဝန်ထမ်းများ၊ ကျိုက်ထီးရိုး ဈေးဆိုင်တန်း ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)