သီပေါ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာအားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို မြို့နယ်အားကစားကွင်းတွင် ယမန်နေ့နံနက် ၈နာရီက စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းရွှေမာက ပြိင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားနည်း(၁၁)မျိုးဖြစ်သည့် မီတာ ၁၀၀ ၊ မီတာ၄၀၀ ၊ မီတာ၈၀၀ ၊ မီတာ၁၅၀၀ ၊ မီတာ၃၀၀၀ အပြေးပြိုင်ပွဲ ၊ အမြင့်ခုန် ၊ အလျားခုန် ၊ ၃ဆင့်ခုန် ၊ သံလုံးပစ် ၊ သံပြားပစ် ၊ လှံတံပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ဆု ရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်များအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် သီပေါမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပြိုင်ပွဲတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်အားကစားနှင့်ကျန်းမာရေးဌာနမှဝန်ထမ်းများ ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ၊ဌာနဆိုင်ဝန်ထမ်းများ ၊အခြေခံပညာကျောင်းများမှအုပ်ချုပ်သူဆရာ၊ ဆရာမများ နှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများ ၊ အုပ်ထိန်းသူ မိဘများတက်ရောက် အားပေးခဲ့ကြ ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)