ပင်လောင်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက်၁၈ နှစ်မှအသက်၆၅ နှစ်ကြား ပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခဲ့ဖူးခြင်း မရှိသည့် ပြည်သူများအား စတုတ္ထအသုတ်(ပထမအကြိမ်)ကာကွယ် ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များအလိုက်ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးမှုတွင် ယနေ့နံနက်ပိုင်းကပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စုနှင့် စင်းတောင်းကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခဲ့ဖူးခြင်းမရှိသော သံဃာတော်များ၊ပြည်သူများအား စနစ်တကျ စာရင်းများ ကောက်ယူ၍ထိုးနှံပေးခြင်းဖြစ်သည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာ အုပ်စုများမှ သတ်မှတ်အုပ်စုများတွင် ပါ၀င်သော ဆေးထိုးရန် ကျန်ရှိနေသူများအား သတ်မှတ်ဆေးထိုးစုရပ်များဖြစ်သည့် ပင်လောင်း မြို့ဆိုင်ကလုန်းရှက်တာခန်းမ၊ ဆေးထိုးစုရပ်များအဖြစ်သတ်မှတ်ထားသော ဘုန်းကြီး ကျောင်းတို့တွင် သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။
ထွန်းလင်း(ပြန်/ဆက်)