ရွှေတိဂုံ​စေတီ​တော်(၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ(ဒုတိယ​​နေ့) အခမ်းအနားဆက်လက်ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၆

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ (ဒုတိယ​နေ့) အခမ်းအနားကို ယ​မန်နေ့ နံနက်ပိုင်း တွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက် ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်များ၊  စေတိယင်္ဂဏနာယက သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်၊ စာမဆရာတော်များ၊ စာဖြေသံဃာတော်များ ကြွရောက် တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊  ဧည့်ပရိသတ်များ တက်​ရောက်ကြသည်။

အဆိုပါ စေတိယင်္ဂဏစာလျှောက်မေးပွဲကို ၁၃၄၅ ခုနှစ် (၆၇)ကြိမ်မြောက် ကာလမှ စတင်၍ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တာဝန်ယူကျင်းပခဲ့ရာ ယခု(၁၀၃)ကြိမ်မြောက် ရှိပြီဖြစ်ပြီး ယခင်(၁၀၂)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီခြားစာချတန်းမှ (၂)ပါးနှင့် သီးခြားစာသင်တန်းမှ (၈)ပါး၊ စုစုပေါင်းသံဃာတော် (၁၀)ပါးတို့ အောင်မြင်တော်မူခဲ့သည်၊၊ ယခုနှစ်(၁၀၃)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်း၌ (၃၃)ပါး၊ သီးခြားစာသင်တန်း၌ (၈၉)ပါး စုစုပေါင်း (၁၂၂)ပါးတို့ စာရင်းပေးသွင်းထားကြရာ ယ​နေ့တွင်​ ရွှေတိဂုံစေတီ​တော် ဘဏ္ဍာ​တော်ထိန်း​ဂေါပက အဖွဲ့မှ​ နေ့ဆွမ်းများ ဆက်ကပ်လှူန်းကြပြီး​ နေ့လယ် ၁၂ နာရီတွင် သံဃာ​တော်များ ​ရေ​ဖြေစာ​မေးပွဲ​ဆက်လက်ဖြေဆိုလျက်ရှိ​ကြောင်း သိရသည်။

​ရွှေတိဂုံ​စေတီ​တော် (၁၀၃)ကြိမ်မြောက် စေတိယဂ်ဏပရိပတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)