မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအတွင်းရှိ လမ်း သုံးလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

မိတ္ထီလာ   ဒီဇင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအတွင်းရှိ လမ်း သုံးလမ်း တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါလမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိသည့် တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၂၀၂၁-၂၀၂၂နှစ် ခြောက်လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အရှည် ၁၈၂၆ ပေရှိသည့် လက်ဝဲ သုန္ဒရလမ်း၊  အရှည်ပေ ၇၅၀ ရှိသည့်  စိမ်းလဲ့ကန်သာလမ်းနှင့် အရှည် ပေ ၅၆၀ ရှိသည့် ဧရာဝတီ လမ်းနှင့် ဇော်ဂျီလမ်းကြားရှိ လမ်းတို့အား အကျယ် ၁၂ ပေ ၊ ထု ခြောက်လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီမှ တာဝန်ယူပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းရှိ ဝန်ထမ်းများနှင့် အဆိုပါကျောင်းတွင် လာရောက်တက်ရောက်သော သင်တန်းသူ သင်တန်းသားများမှာ ရာသီမရွေး သွားလာရာတွင် ပိုမိုကောင်းမွန်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)