စဉ့်ကိုင် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဆာကူရာကာရာတေးအသင်းတို့ ပူးပေါင်း၍ စဉ့်ကိုင်အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမတွင် အားကစားနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲ ၊ သရုပ်ပြပွဲနှင့် လှူဒါန်းပွဲယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ် မြင့်စန္ဒာ၀င်းက အားကစား နှင့်ပတ်သက်သည့် သိကောင်းစရာများ၊ အားကစားအမျိုးအစားများ၊ အားကစား၀န်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဆောင်ရွက်ပေးနေမှုအခြေအနေများ အသိပညာ ပေးဟောပြောခဲ့ပြီး ဆာကူရာကာရာတေးအသင်းမှ ဆရာ ဦး၀င်းမြင့်က ကာရာတေးနှင့် ပတ်သက် သည့် ကစားနည်းများကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ဆာကူရာကာရာတေးအသင်း၀င် ကလေးငယ်များမှ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ပါကရန်သူကို ပြန်လည်ခုခံ ကာကွယ်ရမည့်နည်းပညာများ၊ မြန်မာ့ရိုးရာ ကစားနည်းများကို သရုပ် ပြသခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းဆီက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိမှ အားကစားပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)