ငါ့သရောက်ဒေသထွက်သောက်ရေအိုးနှင့်အခြားအိုးများဈေးနှုန်းပုံမှန်သာရောင်းချနေရ

ညောင်ဦး  ဒီဇင်ဘာ  ၆

ညောင်ဦးမြို့နယ်ငါ့သရောက်မြို့အမှတ်(၃)၊တောင်ကုန်းရပ်မှထွက်ရှိသည့်သောက်ရေအိုးနှင့်အခြားအိုးများ ဈေးနှုန်းအတက်အကျမရှိပဲ ပုံမှန်သာရောင်းချနေရကြောင်း အိုးအမျိုးမျိုး လုပ်ရောင်းချ သည့် ဦးနေလင်းထံကသိရသည်။   

ငါ့သရောက်မြို့ အမှတ်(၃)၊တောင်ကုန်းရပ်သည် တစ်ရွာလုံးရိုးရာအိုးလုပ်ငန်း ခေတ် အဆက်ဆက် ပြုလုပ်ရောင်းချလာသည့် ဒေသဖြစ်ကာ ရိုးရာအိုးလုပ်ငန်းအား မည်သည့်ခေတ် ကတည်းက အိုးလုပ်ငန်းလုပ်ကိုင်ခဲ့သည်ကိုရွာထဲရှိအသက်ကြီးသူများပင်မသိရှိဘဲရွာပြင်ဘက်ရှိအိုးဖုတ်(အိုးဖို)ကုန်း သုံးကုန်းတောင်ပူစာဖြစ်နေသည်ကိုကြည့်ခြင်းအားဖြစ် အိုးလုပ်ငန်း ဘယ်ခေတ်ဘယ်အချိန်ထဲက လုပ်ကိုင်ခဲ့သည်ကို ခန့်မှန်းနိုင်ကြကြောင်း ရွာထဲရှိအိုးလုပ်ငန်း လုပ်ကိုင်သူများမှရှင်းပြသည်။ တောင်းကုန်းဒေသမှ အိုးအမျိုးမျိုးလုပ်ကိုင်ကြသော်လည်း ထန်းဆွဲမြူအိုးများနှင့် သောက်ရေအိုး များအား အများအပြားထုတ်လုပ်ကာ ပတ်ဝန်ကျင်မြို့များနှင့် ဒေသတွင်းသို့ ရောင်းချခြင်းဖြင့် တောင်ကုန်းကျေးရွာ တစ်ရွာလုံးရိုးရာအိုးလုပ်ငန်းဖြင့် စီးပွားဖြစ်အိုးလုပ်ငန်းလုပ်ကိုင်ကြကြောင်း သိရသည်။ အိုးလုပ်ရန်အတွက် ရွာပတ်လည်ရှိ နှုန်းမြေသားများနှင့်သဲဆံသည့်မြေအမျိုးစား သွားရောက်တူဖော်ကြကာ အိုးလုပ်ရန်သယ်ဆောင် လုပ်ကိုင်ကြကြောင်း ၊ထန်းဆွဲမြူအိုးများအား ထန်းရာသီမစတင်မှီအချိန်ထဲက ကြိုတင်ပြီး ထန်းဆွဲမြူအိုးအမြောက်အများလုပ်ကိုင်ထားကြောင်း၊ ထန်းရာသီစတင်ချိန် အနီးပတ်ဝန်းကျင်နယ်များမှ ထန်းတောင်သူများနှင့်ဒေသတွင်း ထန်းတောင် သူများ ထန်းဆွဲမြူအိုးများ လာ ရောက်ဝယ်ယူကြကြောင်းသိရသည်။ တောင်ကုန်းရွာမှ တစ်နှစ်လျှင် ထန်းဆွဲမြိူအိုး နှစ်သိန်း ခွဲကျော်နှစ်စဉ်ထုတ်လုပ်ရောင်းချရကြောင်း၊ သောက်ရေအိုးများကတော့ တစ်နှစ်ပတ်လုံး ရောင်းချရပြီး၊ အခြားအိုးများကိုလည်း တစ်အိမ်လျှင်အနည်းငယ်စီ ပြုလုပ်ရောင်းချ ရကြောင်း မြေရေဆေးဇလုံ၊ မြေသားဘုရားပန်းအိုး၊ မြေသားပန်းအိုး၊ မြေသားစုဗူး၊ မုန့်ပြစ်သလက် အိုးခင်း၊မြေသား အရက်ချွေးပေါင်းခံအိုး(အရက်ချက်အိုး)၊ မြေသားကောက်ညှင်းပေါင်းအိုး၊မြေ သားပန်းအိုး၊ မြေသားဟင်းချက်အိုး(ဟင်းပြင်အိုး)၊သောက်ရေအိုး အလတ်၊အကြီးနှင့်ထန်းဆွဲ မြူအိုး များပြုလုပ်ရောင်းချကြကြောင်းသိရသည်။ ငါ့သရောက်ဒေသထွက် သောက်ရေအိုးနှင့် ထန်းဆွဲ မြူအိုးများသည် ပါးလွှာပေါ့ပါးပြီး ခိုင်ခန့်ခြင်းကြောင့် ငါ့သရောက်ဒေသထွက်အိုးရယ် လို့နာမည် တစ်လုံးဖြင့်ထင်ရှားကျော်ကြားနေကြောင်း ဦးနေလင်းကရှင်းပြသည်။

အိုးအမျိုးမျိုးပြုလုပ်ရာတွင် အိုးပြင်လှဲ့နှင့်အိုးထွင်းဆရာနှစ်ဦးသာလိုအပ်ပြီး အိုးပြင်လှဲ့ အားလူတိုင်း လှည့်တတ်သော်လည်း အိုးထွင်းဆရာမှာ အနည်းငယ်သာရှိကြောင်း တစ်ရွာလုံး အိုးထွင်းဆရာခေါ် အိုးလုပ်သည့်ပညာရှင်များမှာ အမျိုးသမီးများသာရှိကြောင်းသိရပြီး အိုးပြင် လှဲ့စက်တစ်မျိုးထဲဖြင့် အိုးအမျိုးမျိုးအား မိမိလိုချင်သည့်အိုးပုံစံကို ဖြတ်တေက်ယူငင်ရပြီး အိုးပြုလုပ်ကြကြောင်း ထွက်ရှိ လာသည့် အိုးများအား ပခုက္ကူမြို့၊ ကျောက်ပန်းတောင်းမြို့၊ တောင်သာမြို့၊ မြင်းခြံမြို့နှင့် ညောင်ဦး မြို့များမှအိုးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရပြီး ငါ့သရောက်ဒေသထွက်အိုးများ ဈေးနှုန်းပုံမှန်အတိုင်းရောင်းချနေရကြောင်းသိရသည်။

ကိုထိန်၊KPD