မိုင်းယုမြို့ရှိ ဈေးဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင် ရွက်ထားခြင်းရှိ/မရှိ  လိုက်လံစစ်ဆေး

မိုင်းယု  ဒီဇင်ဘာ 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင် များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာသို့ မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်  ဆိုင်နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍  အဝင်ဝတွင် လက် ဆေးရည်(Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများလဲ နှာခေါင်းစည်း (Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးတို့ကို လိုက်လံစစ်ဆေး မှာကြားခဲ့ကြသည်။

ယခုလက်တလောအခြေအနေရ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမှုအပေါ် ထပ်မံဖြေလျော့ပေးသည့်အနေဖြင့် ဒီဇင်ဘာ (၁)ရက်နေ့မှစတင်ကာ  ဈေးဆိုင်များ ဖွင့် လှစ်ခြင်း၊ ဈေးဝယ်ခြင်းနှင့် သွားလာမှုများကို နေ့စဉ်အချိန်ပြည့် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ ထို့သို့ နေ့စဉ်အချိန်ပြည့် ခွင့်ပြုထားမှုအပေါ် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းကော်မတီအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကိုလည်း  တစ်ပတ်လျှင်နှစ်ကြိမ် ရှောင်တခင် လှည့်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)