မော်လမြိုင် ဒီဇင်ဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မုရောင်းကျေးရွာရှိ ဘိုးဘွားများ ခိုလှုံရာ မြဆည်းဆာ ဘိုးဘွားရိပ်သာ ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ရိပ်သာဆေးရုံနှင့် ရိပ်သာအတွင်း လျှောက်လမ်းများ ဆောက်လုပ်ပြီးစီး၍ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ကြပြီး မြစေတီ (ရဲကျောင်း) ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တဝိမလပုဒ္ဓိ အရှင်သူမြတ်ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူ ကြည်ညိုကာ ရေစက်သွန်းလောင်း အမျှပေးဝေသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြဆည်းဆာ ဘိုးဘွားရိပ်သာကို အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းမိသားစု (ကိုလှထွန်းငရုတ်သီးမှုန့်လုပ်ငန်း) မှ မတည်၍ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း တစ်သောင်းကျော်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် ပေ ( ၁၂၀ × ၈၀) ဓမ္မာရုံ၊ ပေ(၁၂၀ × ၇၀ ) ဆောက်လုပ်ဆဲ နှစ်ထပ်သံဃာဆောင်၊ ပေ(၁၂၀ × ၅၀ ) ဆွမ်းစားဆောင်၊ ပေ(၁၂၀ × ၃၀) ဘိုးဘွားရိပ်သာဆေးရုံတို့ ဆောက်လုပ်လှူဒါန်း ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဇာဖြူဝင်း