မိုင်းပျဉ်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့တွင် ဒီဇင်ဘာလ၅ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မိုင်းပျဉ်းမြို့နယ်ရုံး၏ မြို့နယ် ပြည်သူ့စာကြည့်တိုက်လူမှုကွန်ယက် စာမျက်နှာမှ တဆင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သော ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက် ပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ထုတ်လွှင့်တင်ဆက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ဒေါ်ခင်သန္တာအောင်က အနူးစာပေမှ ရေးသားပြုစုသည့် သစ်ပင်စိုက်ကြစို့ ပုံပြင်ကို ပြောပြခဲ့ပြီး၊ အငယ်တန်းစာရေးဒေါ်နန်းဟောင်ခမ်းက ငှက်မျိုးစုံသည့်အင်းလေးကန် စသည့် ပုံပြင်တို့ကိုသားငယ်၊သမီးငယ်တို့အတွက်ပြောပြခဲ့သည်။
ယခုကဲ့သို့ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အချိန်တွင် စာဖတ်ပရိတ်သတ်များအနေဖြင့် စာကြည့်တိုက်သို့လာရောက်၍ စာပေများဖတ်ရှူခြင်းမပြုလုပ်နိုင်သည့်အတွက်အများပြည်သူနှင့်၊ ကလေးသူငယ်များအတွက် အသိပညာဗဟုသုတများတိုးပွားပြီး ၊စာကောင်းပေမွန် ဖတ်ရှူလိုစိတ်များ ပိုမိုဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ထုတ်လွှင့်တင်ဆက်ခြင်းဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းစသည့်အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေး လျက်ရှိပြီး ရိုက်ကူးတင်ဆက်သည့် အစီအစဉ်များကို မိုင်းပျဉ်းမြို့နယ်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှူနိုင်ကြောင်း သိရသည်။
ခင်သန္တာအောင်