မိုးကောင်း ဒီဇင်ဘာ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ သျှမ်းနှစ် ၂၁၁၆နှစ်သို့ကူးပြောင်းသည့် ရှမ်းနီရိုးရာ နှစ်သစ်ကူးနေ့ ကောက်ဦးဆွမ်းကပ်လှူပွဲကို မြို့ဦးရပ်ကွက်ရှိ မဟာသမယကျောင်း တိုက်၌ ဒီဇင်ဘာ ၄ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ဦး၊ ရွှေပြည်၊ စူပါစိမ်းနှင့် မဟာသမယ ကျောင်းတိုက်တို့မှ သံဃာတော်များ အမှူးပြု၍ ရှမ်းနီနှင့်ရှမ်းမျိုးနွယ်စုများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ဩကာသကန်တော့ချိုး ဖြင့်ရှိခိုးကန်တော့ပြီး ရှမ်းနီနှင့်ရှမ်းမျိုးနွယ်စုအလှူရှင်များကဆရာတော်တို့အား လှူဖွယ်ပစ္စည်း ဆက်ကပ်ကြပြီး မဟာသမယကျောင်းတိုက်ဆရာတော်မှ ရေစက်ချတရာချီးမြှင့်တော်မူခဲ့သည်။
ဆက်လက်၍ မြတ်စွာဘုရားအမှူးပြုပြီး ဆရာတော်သံဃာတော်များအား ကောက်ဦးဆွမ်းနှင့် သီးနှံ များကို အာရုံဆွမ်းအဖြစ် ဆက်ကပ်ပူဇော်ခဲ့ကြပြီး ရိုးရာပွဲတော်အား ကိုဗစ်စည်းကမ်းချက်နှင့်အညီ အကျဉ်းချုံးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)