မိုင်းလုံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် "ပန်းခင်း" စီမံချက်လက်ကမ်းစာစောင်များကို ယမန်နေ့က ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် သွားရောက်ဖြန့်ဝေခဲ့ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းလုံမြို့ ရှေ့တန်းရုံး မြို့ဦးစီးမှူးထံမှသိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး "ပန်းခင်း"စီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှကူညီပေးရမည့်ကိစ္စများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတန်းများနှင့် လိုအပ်သောအချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ရာတွင် လိုအပ်သော အချက်များ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ စသည့်အချက်များ ပါရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းနှင့်ဌာနဆိုင်ရာများက ပါဝင်ကူညီ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုဖြန့်ဝေရာတွင် တိုင်းရင်သား ပြည်သူများလက်ကမ်းစာစောင်ပါ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြန်မာနှင့်ရှမ်း ဘာသာစကား(၂)မျိုးဖြင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်