တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်     ဒီဇင်ဘာ     ၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကင်းဝေးစေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း ပါးစပ်/ နှာခေါင်းစည်း ( Mask )  စနစ်တကျ တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန ဒုတိယဌာနမှူး ဦးသန့်ဇင်ထွန်း ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက်ဝယ်ယူကြသူများနှင့် လမ်းသွား လမ်းလာများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ပါးစပ်/ နှာခေါင်းစည်း ( Mask )များ၊ မျက်နှာကာ (Face shield)များ ၊ ခေါင်းစွပ်များနှင့် လက်အိတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင်  နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့် ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်နှင့် လတ်တလော ပြည်ပနိုင်ငံတွင် ဖြစ်ပွားနေသော အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများနှင့် ပတ်သက်၍လည်း အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် စျေးသည်များအား အမြန်ဆုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း အပါအဝင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း နှာခေါင်းစည်း ( Mask ) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)