မိုးညှင်း ဒီဇင်ဘာ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာ စောင်ပြပွဲကို ဒီဇင်ဘာ (၄)ရက် မွန်းလွဲ(၃)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ၁၃၈၃ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များခင်းကျင်းပြသရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စာအုပ်စာစောင်ပြပွဲတွင် ရသစာပေများနှင့်ပတ်သက်သည့် စာအုပ် စာစောင်များ၊ အမျိုးသားစာပေဆုရစာအုပ်များအပါအဝင် ဆေးပညာရပ်များ၊ စိုက်ပျိုးရေး နည်းပညာရပ်များ၊ သမိုင်း၊ ပထဝီနှင့် အတ္ထုပ္ပတ္တိစာအုပ်များစသည်တို့ကို ခင်းကျင်းပြသပေးခဲ့ရာ မြို့နယ်စာရေး ဆရာအသင်းမှ အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများတို့က စိတ်ဝင်တစား လာရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်