မိုးညှင်း ဒီဇင်ဘာ ၅
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်တွင် ကျရောက်ခဲ့သည့် (၇၇)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်−၁၉ရောဂါ စည်းကမ်း ချက်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုးညှင်းမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာကြည့်တိုက်အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမှ နိုင်ငံဂုဏ်ရည်(၁၅)အုပ်နှင့် ဂျာနယ်မျိုးစုံ (၆၅)စောင်တို့ကိုလည်းကောင်း၊ အဖွဲ့ဝင်ဒေါ်ခင်မာဆွေက ဒေါ်ခမ်းကျန်(မြန်မာစာ)၏ “ရွာကျောင်း ကဆရာ” ဝတ္ထုတို စာအုပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေး က လက်ခံရယူခဲ့သည်။
ထို့နောက် စာပေဟောပြောပွဲဆောင်ရွက်ရာတွင် ဦးခင်မောင်ဦး ကလောင်အမည်(သစ္စာ-မိုးညှင်း)က “သစ္စာ မေတ္တာနိဒါန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်မာဆွေ ကလောင် အမည် (တင်တင်ဆွေမာ-မိုးညှင်း)က “စာဆိုတို့၏ ကျေးဇူးဂုဏ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)