ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံများ သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ  ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင်   ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် သန်း ခြောက်ဆယ်ကျော်ဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ် ၄၀.၈၁၄ သန်းဖြင့် အိမ်ခြေ ၃၆၀ ၊ လူဦးရေ ၁၈၆၃ ဦးရှိသည့် ပင်တလဲကျေးရွာတွင် အကျယ် (၄)လက်မ အနက် ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ပေ ၊အမြင့် ၇ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အရှည် ပေ ၅၀၀၀ ရှိ နှစ်လက်မ (PVC)ပိုက်သွယ်တန်းခြင်းနှင့် မီးလိုင်းသွယ်တန်း၍ စက်တပ်ဆင်ခြင်း လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Triple Tha Co.,Ltd က တာဝန်ယူ၍ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

၎င်းအပြင်အိမ်ခြေ ၁၁၅ ၊ လူဦးရေ ၆၃၂ ဦးရှိသည့် ဆူးဖြူကန်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ် ၂၃.၁၃၂ သန်းဖြင် အကျယ် နှစ်လက်မ ၊ အနက် ၄၅ ပေရှိ တွင်းတိမ်  ၁၀ ပေါက်တွင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အရှည် ပေ ၃၅၀၀ ရှိ နှစ်လက်မ (PVC) ပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Triple Tha Co.,Ltd က တာဝန်ယူ၍ နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိကျေးရွာ သုံးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)