မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အများပြည်သူစိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရေး ဘက်စုံမွမ်းမံပြုပြင်ဆောင်ရွက် 

မော်လမြိုင် ဒီဇင်ဘာ ၅ 

မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အများပြည်သူ စိတ်အေး ချမ်းသာစွာ ကုသိုလ်ယူနိုင်ရေး    ဘက်စုံမွမ်းမံပြုပြင်ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့နံနက် ၈ နာရီက  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်   အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ  မော်လမြိုင်မြို့ ကျက်သရေဆောင် သွားတော်ဓါတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး တစ်ပေပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော် အပြည့် ခင်းကျင်းနိုင်ရေးအတွက် လုပ်အားဒါနပြု ကုသိုလ်ယူကာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ    ဝန်ထမ်းများနှင့်  စေတနာရှင် လုပ်သားပြည်သူများမှ စကျင်ကျောက်ပြားများအား ရင်ပြည်တော် ပေါ်သို့ တင်ဆောင်ကုသိုလ်ပြုလုပ်အားပေးနေမှုကို  ကြည့်ရှုအားပေးပြီး  စေတီတော်မြတ်ကြီးအား  ဖူးမြော်ကြည်ညိုကန်တော့သည်၊၊

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြား ခင်းကျင်း နိုင်ရေးအတွက် ကြွေပြားအဟောင်းများ ဖယ်ရှားနေမှု၊ ရေစီး၊ ရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်များ ဖောက်လုပ်နေမှု၊ မိုးတွင်းကာလ ရင်ပြင်တော်ပေါ်တွင်   ရေတင်ကျန်မှုမရှိစေရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်၊၊