နမ့်စန်(တ) ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊နမ့်စန်မြို့နယ်တွင် နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူတည်ဆောက်သည့် မြို့ဝင် Toll Gate ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဝမ်ပုံကျေးရွာအုပ်စု ၊ တောင်ကြီး-နမ့်စန် ပြည်ထောင်စုလမ်းမပေါ်ရှိ အဆိုပါ Toll Gate နေရာတွင် ကျင်းပခဲ့ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ ၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်မျိုး ၊ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းသက်အောင်က Toll Gate ကောက်ခံမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကတ္တားချိန်တွင်ခြင်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သည့် စီထွာကုမ္ပဏီမှ တာဝန်ရှိသူများက အဆင့်အလိုက်အသေးစိတ်ရှင်းလင်းခဲ့ပြီး Toll Gate တွင် ကောက်ခံမည့်နှုန်းထားများနှင့် ပတ်သက်၍ နေမင်းရောင်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ စီမံကိန်းဒါရိုက်တာ ဦးသန်းဝင်းက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ နမ့်စန်တပ်နယ်မှူး နှင့်တာဝန်ရှိသူများက Toll Gate အဆောက်အဦ ၊ တပ်ဆင်ထားသည့် ကတ္တားကြီးများ စံချိန်စံညွှန်းနှင့်အညီ ချိန်တွယ် တွက်ချက်မှု ၊ အခွန်ကောက်ခံမှုစနစ်နှင့် လုပ်ငန်းစတင်ဆောင်ရွက်ရန် ပြင်ဆင်ထားမှုအခြေ အနေ စသည်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
နေမင်းရောင် ကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် တောင်ကြီး-လွိုင်လင်-နမ့်စန် လမ်းပိုင်းတွင် လွိုင်လင်ခရိုင်အတွင်းရှိ နမ့်စန်လမ်းအသုံးပြုခ ကောက်ခံ နေသော ယခင်နေရာသည် နမ့်စန်မြို့အဝင် မိုင်တိုင် ၁၈၅/ ၂ နှင့် ၁၈၅/၃ ကြားတွင် တည် ရှိပြီး ယခုအခါ မိုင်တိုင် ၁၈၄/၅ နှင့် ၁၈၄/၇ ကြားတွင် Toll Gate အသစ်အား တည်ဆောက် ပြီးစီးပြီဖြစ်ပါသဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ လမ်းအသုံးပြုခများကို မူလကောက် ခံနေသော ယာဉ်အမျိုးအစား အလိုက် ကောက်ခံနှုန်းထားများဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ၊ လမ်းဦးစီးဌာန၏ ညွှန်ကြားချက် များအတိုင်း Toll Gate အသစ်တွင် ပြောင်းရွှေ့ ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေမင်းရောင် ဆောက် လုပ်ရေးကုမ္ပဏီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)