စစ်တွေ ဒီဇင်ဘာ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်ပြီးဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပူးပေါင်း ဆောင်ရွက်ကြသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေစဉ် ငလျင် လှုပ်ခတ်မှုကြောင့် ဘေးအန္တရာယ် ကင်းသောနေရာတွင် ဝပ်နေခြင်း၊ ခိုင်ခံ့သော စားပွဲခုံအောက်တွင် အကာအကွယ်ယူခြင်း၊ ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာ ကိုင်ထားခြင်းများကို ဇာတ်တိုက် လေ့ကျင့်ကြပြီး ကွင်းပြင်ရှိရာ နေရာများသို့ ထွက်ခွာကြခြင်းတို့ကို ပြုလုပ်ကြသည်။
ထို့အပြင် မီးသတ်တပ်ဖွဲ့မှ အဆောက်အဦအတွင်း ပိတ်မိနေသူများအား ရှာဖွေ ကယ်ထုတ်ခြင်းများ ဆောင်ရွက်ကာ ဒဏ်ရာရရှိသူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းကြက်ခြေနီ တပ်ဖွဲ့များက ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပေးကြပြီး ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ခြင်းများကို ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့် ခဲ့ကြသည်။
အဆိုပါဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ရာသို့ စစ်တွေခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက် ကြည့်ရှုလေ့လာ အားပေးကြပြီး တာဝန်ရှိသူများက ငလျင်ဘေးပညာပေး၊ လက်ကမ်း စာစောင်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)