မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ်စံပြကွက်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

မဘိမ်း     ဩဂုတ်     ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွား‌ရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စံပြကွက်တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မလှိုင်ကုန်း ကျေးရွာ၊ ဘုန်းတော် ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ ကိုဗစ်-၁၉ စီးပွား‌ရေး ကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် စံပြကွက် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက မိုးစပါးမျိုးစေ့ထုတ် စံပြကွက် တောင်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ပျိုးသူ မလှိုင်ကုန်း ကျေးရွာမှ တောင်သူ(၃၄)ဦး၊ ဘဟဲကျေးရွာမှ တောင်သူ(၇)ဦး၊ မန်ကင် ကျေးရွာမှ တောင်သူ (၈)ဦး၊ စုစုပေါင်း တောင်သူ(၄၉)ဦးတို့၏ လယ်ယာမြေတစ်ဧကလျှင် မိုးစပါးစိုက်ခင်း စိုက်ပျိုးစရိတ် အတွက် ငွေကျပ် (၈၃၅၀၀) နှုန်းဖြင့် စုစုပေါင်းစိုက်ပျိုးဧက(၁၂၀ ဧက)အတွက် ငွေကျပ် (၁၀၀၂၀၀၀၀) ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)