မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပမှုကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက် အားပေးချီးမြှင့်

မြစ်ကြီးနား ဒီဇင်ဘာ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးစီး ကျင်းပသည့် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲတွင် ခေမာသီရပ် ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

ရှမ်းနှစ်သစ်ကူးပွဲ အခမ်းအနားကို ရှမ်းအလံတော်အား အလေးပြုဖွင့်လှစ်ကာ ရှမ်းတိုင်းရင်း သားလူငယ်၊ မောင်မယ်များက ရှမ်းရိုးရာတေးသီချင်း သီဆိုဖျော်ဖြေကြပြီး ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်မင်္ဂလာ အခါတော်နေ့တွင် ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် စီးပွားရေး လာဘ်လာဘများ ကောင်းမွန်စေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ကိုဗစ်ကာလဖြစ်သော်လည်း စည်းကမ်းချက်များနှင့်အညီ ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စု (၅)စု၏ စုစည်းညီညွတ်မှုဖြင့် နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ ယခုလို နှစ်သစ်ကူး ပွဲတော်မျိုးသာမက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေများတွင်လည်း မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အခြားတိုင်းရင်းသားများနည်းတူ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တိုက်တွန်း အားပေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကချင် ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော် တက်ရောက်ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်းဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက ဦးစီးဌာနမှ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြည်နယ်ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်နန်းခင်ပြုံးရီက နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းနှင့် ရှမ်းတိုင်းရင်းသားတို့၏ သမိုင်းအစဉ်အလာ ဖြတ်သန်းလာမှုကို လည်းကောင်း အသီးသီးရှင်းလင်းပြော ကြားကြသည်။

ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးက ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ်၊ နှစ်သစ်ကူးပွဲအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ရာ အသင်း၏ ဒုတိယဥက္ကဋ္ဌ က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးကို သာသနာနှစ် ၄၅၀ (ဘီစီ-၉၄)တွင် မူအန်မောဝ် တိုင်းပြည်ကို ပိဋကတ်သုံးပုံ နှင့်အတူ ဗုဒ္ဓသာသနာတော် ပင့်ဆောင် ရောက်ရှိသည့်နေ့တွင် ရှမ်းတို့အတွက် ထူးမြတ်သော နှစ်ဖြစ်သဖြင့် ထိုနှစ်စ၍ ရှမ်းနှစ်ကို စတင်ရေတွက်လာခဲ့ရာမှ ယခုနှစ်တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ ၂၁၁၆ ခုနှစ်၊ မင်္ဂလာနှစ်သစ်သို့ ရောက်ရှိသည့် နှစ်သစ်ကူးပွဲဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)