ကုန်းကြမ်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကျင်းပ

ကုန်းကြမ်း   ဒီဇင်ဘာ ၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပန်းခင်းစီမံချက် Talk Show အစီအစဉ်အား ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးပွဲတွင် ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာအောင် ကပန်းခင်းစီမံချက် အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကုန်းကြမ်းမြို့နယ်ဦးစီးမှုး ဦးမြတ်ဇော်က ပန်းခင်းစီမံချက် အသိပညာပေးမှု အခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရှင်းလင်းဆွေးနွေးရာတွင် ပန်းခင်းစီမံချက်ဆိုင်ရာ မူဝါဒအချက်အလက်များ အနေဖြင့် လူမှုဘဝ ဆောင်ရွက်ချက်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင် ထားနိုင်ရေးဟာ ကာယကံရှင် နိုင်ငံသားတစ်ဦးချင်းစီအတွက် အရေးကြီးသလို၊ နိုင်ငံတော်အတွက်လည်း အရေးကြီးပါကြောင်း အခု နိုင်ငံတော်စီမံချက်တစ်ခုအဖြစ် ဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်ဟာ နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဥပဒေနဲ့အညီ ခိုင်လုံတဲ့ အထောက်အထားတစ်ခု ရရှိကိုင်ဆောင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ပန်းခင်းစီမံချက်ကို နေထိုင်မှုပုံစံ အမျိုးအစား(၄)မျိုးနဲ့ ဆောင်ရွက်ပေးပါကြောင်း၊ ပထမ တစ်မျိုးကတော့ လက်ရှိဇာတိဒေသမှာ အမြဲ တမ်း နေထိုင်ပြီး အိမ်ထောင်စု စာရင်းရှိတယ် မှတ်ပုံတင်မရှိတဲ့လူတွေပေါ့။ ဒုတိယကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်တယ် အိမ်ထောင်စုစာရင်းလည်း မရှိဘူး၊ မှတ်ပုံတင်လည်း မရှိတဲ့လူတွေ။ တတိယအမျိုးအစားကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မူလဒေသမှာ အိမ်ထောင်စု စာရင်းရှိတယ်။ လက်ရှိဒေသမှာ မှတ်ပုံတင်မရှိတဲ့လူတွေ။ စတုတ္ထက ရွှေ့ပြောင်းနေထိုင်သူ တွေအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းမရှိဘူး၊ လက်ရှိဒေသမှာ အိမ်ထောင်စု စာရင်းမရှိဘူး မှတ်ပုံတင်လည်း မရှိတဲ့လူအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

မာမာ(ပြန်/ဆက်)