ကော်ဖီအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်

ရွာငံ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သည့် ကောဖီအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက် ၁၁ နာရီက အင်းကုန်းကျေးရွာ ချယ်ရီရတနာခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးခန့်ဇော်က ရွာငံဒေသမှာ ကော်ဖီလုပ်ငန်းကို ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ လိုအပ်သော စက်ကိရိယာများ၊ နည်းပညာများ၊ ရင်းနှီး ငွေဆောင်ရွက်ပေးမှုဆိုင်ရာများ၊ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ဖြစ်သည့် အခြောက်ခံခြင်း၊ အခွံချွတ်ခြင်း၊ လှော်ခြင်း၊ အမှုန့်ကြိတ်ခြင်း လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ချယ်ရီသီးဆိုက်ခွဲစက်၊ သီးလုံးစိုအခွံချွတ်စက်၊ အခြောက်ကြိတ်ခွဲစက်၊ ကော်ဖီလှောစက်နှင့် Solar Dryer တို့ကို ဖြည့်စည်းဆောင်ရွက်ပေးခဲ့ပြီး နည်းပညာပံ့ပိုးမှုအဖြစ် ခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်ပေးခြင်းများ၊ သင်တန်းသားများအနေဖြင့် မိမိတို့အိမ်သုံးအတွက် မုန့်ဖုတ်ရခြင်းမျိုး မဟုက်ပဲ စီးပွားဖြစ် ထုတ်ကုန်အဖြစ် ထုတ်ထုပ် ရောင်းချသွားရန်၊ လိုအပ်သည့် ရင်းနှီးငွေရရှိရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် ချိတ်ဆက် ဆောင်ရွက်သွားရန်တို့ကို မှာကြားပြောကြားခဲ့သည်။

ဆတ်လက်၍ သမဝါယမဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးအောင်သူရကလည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးခွန်အေးနိုင်တို့ သင်တန်းမှ နည်းပညာများကို လက်တွေ့အသုံးချပြီး မိသားစုဝင်ငွေ တိုးတက်လာအောင် ကြိုးစားဆောင်ရွက် သွားရန်တို့ကို အသီးသီးပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီအစုအဖွဲ့ လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများမှ သင်တန်းသား (၂၀)ဦးအား ကော်ဖီကိုအခြေခံထားသည့် ကော်ဖီ Butter Cake၊ ကော်ဖီကွတ်ကီး၊ ကော်ဖီလျှာပေါ်ဝဲ၊ ကော်ဖီနံကထိုင်၊ ကော်ဖီပူတင်း၊ ကော်ဖီကျောက်ကျော၊ ကော်ဖီ Plane Cake ၊ ကော်ဖီသီးစုံကိတ်၊ ကော်ဖီကိတ်ခြောက်နှင့် ကော်ဖီဝိုင် စသည့် မုန့်အမျိုးမျိုးနှင့် သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်းများကို (၇)ရက်ကြာစာတွေ့၊ လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)