မိတ္ထီလာမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာပေဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၄

မိတ္ထီလာမြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာပေဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယက စာရေးဆရာ ဘိုမျိုး(ရွှေဘို)နှင့် စာရေးဆရာမ ထီလာဝင်းယုမာတို့က အမှာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာ အသင်းမှ အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်က စာဆိုတော်နေ့ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ပခုက္ကူဦးအုံးဖေ စာပေပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆု ရရှိသော မိတ္ထီလာမြို့နယ် စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ မောင်မဲတူ (စီမံကိန်း)နှင့် ၂၀၁၉ ခုနှစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြုလုပ်သော ဒီဇင်ဘာအားကစားလ စာပေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော မြို့နယ်စာရေး အသင်းနာယကကြီး စာရေးဆရာ ဘိုမျိုး(ရွှေဘို)တို့အား မြို့နယ်စာရေးအသင်းမှ အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်နှင့် တာဝန်ရှိသူတို့က   ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက် စာဆိုတော်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို စာပေဝါသနာရှင်များက ကိုယ်တိုင်ရေး ကဗျာများကို ရွတ်ဆိုယှဉ်ပြိုင်ခဲ့ရာ  အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ် စာရေးအသင်းမှ အတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်နှင့် တာဝန်ရှိသူတို့အား  ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)